လိမ္မာပါးနပ်သည်၊ နှစ်လိုခင်မင်ဖွယ်ကောင်းသည်၊ ကြမ်းကြုတ်သော စစ်တပ်တစ်တပ်ကို တိတ်တဆိတ် လက်နက်တပ်ဆင်ပေးနေသည်။

[ad_1]

လွန်ခဲ့သည့် သုံးနှစ်က ကျော်သောင်းမိသားစုကို ပဲခူးကလပ်တွင် ပါတီပေးလျက် ပျော်ပါးလျက် တွေ့နိုင်မည် ဖြစ်သည်။ လေးစားကြည်ညိုဖွယ် ဗမာ-အိုင်ယာလန်ကပြား ဤမိသားစုက ကျွန်းသစ်အတိ တန်ဆာဆင် ထားသော ပဲခူးကလပ် အဆောက်အဦးကို မူလ ၁၉ ရာစု ဂုဏ်ကျက်သရေပြန်ရောက်အောင် ပြန်လည် မွမ်းမံခဲ့ပြီး ဂျင်အရက်တမြမြနှင့် ကိုလိုနီအရာရှိများ စိုးမိုးခြယ်လှယ်ခဲ့သည့် အငွေ့အသက်ပြန်ရအောင် အသက်သွင်းထား သကဲ့သို့ပင်ဖြစ်သည်။ ပဲခူးကလပ် ပြန်လည်ဖွင့်လှစ်ခြင်းသည် ကျော်သောင်းမိသားစု၏ အရှေ့တိုင်းနှင့် အနောက်တိုင်း ရောပြွမ်းပေါင်းစပ်မှုမှ အားယူသော ရပ်တည်ချက်မျိုး၊ ကမ္ဘာ့အသိုင်းအဝိုင်းနှင့် ဆက်ဆံ‌ ပေါင်းစပ်ခါစ နိုင်ငံတစ်ခု၏ အကောင်းမြင်မှုမျိုးတို့နှင့် အံဝင်ခွင်ကျဖြစ်လှသည်။

တစ်မြို့လုံး၏ အခြားနေရာများတွင် လျှပ်စစ်မီး အချိန်ပိုင်းအလိုက်ပြတ်တောက်နေချိန်တွင် ကျော်သောင်း မိသားစုသည် ရှန်ပိန်အသောက်မပျက်၊ အကအခုန်မပျက် ရှိနေပြီး ပြည်တော်ပြန်လူငယ် လုပ်ငန်းရှင်များ၊ စစ်ဗိုလ်ချုပ်ကြီးများ၏ ရွှေပေါ်မြတင် သမီးတော်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းဘဝမှ ပွင့်လင်းလာသည့် မြန်မာ့စီးပွားရေးအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုရအောင်ဆောင်ရွက်ရေး ရုတ်တရက် တာဝန်ရှိသွားသူများ စသည့် ပုဂ္ဂိုလ်များ တရုန်းရုန်းနှင့် နေလျက်သာ ရှိသည်။

မြန်မာ စစ်အာဏာရှင်များက ဆယ်စုနှစ်ပေါင်းများစွာကျင့်သုံးခဲ့သော တံခါးပိတ်ဝါဒကို ရပ်တန့်လိုက်သည့် အချိန်တွင် ကျော်သောင်းမိသားစုသည် မြန်မာနိုင်ငံအတွက် အလိုအပ်ဆုံးသော အစပ်အဟပ်ကို ပေးနိုင်သည်ကို မြင်ရလေသည်။ ကိန်းကြီးခန်းကြီးရှိသော မိသားစုဖြစ်သည့်အပြင် အလှူအတန်းလည်း ရက်ရောလှသည်။ အတွင်းလှိုက် ပျက်စီးပြီး တံခါးပိတ်နေသော နိုင်ငံတစ်ရပ်ကို ကမ္ဘာ့နှင့်ရင်ဘောင်တန်းသော စီးပွားရေး တစ်ရပ်အဖြစ်သို့ရောက်အောင် ဖုံးဖိစည်းရုံး ဆွဲဆောင်ဖန်တီးမည့် စီးပွားရေးကဏ္ဍအသွင်ပြောင်းလဲမှုမျိုးကို စူးစိုက်ဆောင်ရွက်တတ်သော ရာဇဝင်ရှိသည့် မိသားစုလည်းဖြစ်သည်။ ဤမိသားစုက အိမ်ခြံမြေနှင့် ပို့ကုန် သွင်းကုန် ကုမ္ပဏီများ ဆောင်ရွက်ကြောင်း အယောင်ပြထားသော်လည်း ၎င်းတို့၏ အဓိက ငွေတွင်းကြီးကိုမူ အစဉ်အဆက် ဖုံးကွယ်ထားလေသည်။

၎င်းတို့မှာ မူးယစ်ရာဇာများနှင့် မြန်မာ့စီးပွားရေးကို ဂုတ်သွေးစုပ်ချုပ်ကိုင်ထားသော ခရိုနီများနှင့်မတူ ခြားနား ကြောင်း မည်မျှပင် ကြိုးစားဟန်ဆောင်သည်ဖြစ်စေ၊ ကျော်သောင်းမိသားစုသည် ကမ္ဘာ့အကြမ်းကြုတ်ဆုံး စစ်တပ်ကို တိတ်တဆိတ်လက်နက် တပ်ဆင်ကူညီလျက်ရှိနေပါသည်။ ရိုဟင်ဂျာမူဆလင်များအပေါ် ကျူးလွန် သည့် လူမျိုးတုံးသုတ်သင်မှုကို မြန်မာ စစ်ဗိုလ်ချုပ်များ ကျူးလွန်သည့်အချိန်တွင် တပ်မတော်ဟု အမည်တပ် ထားသော မြန်မာစစ်တပ်နှင့် ကျော်သောင်းမိသားစု၏ ပတ်သက်ပူးပေါင်းမှုများက ပို၍ပင် နက်ရှိုင်းလာခဲ့သည်။ လက်ရှိကာလ နိုင်ငံတစ်နိုင်ငံလုံးကို အာဏာသိမ်းလိုက်ပြီး စောင့်ကြည့်ရေး အဖွဲ့တစ်ဖွဲ့၏ ခန့်မှန်းချက်အရ လက်နက်မဲ့ ပြည်သူ ၁,၃၀၀ ကျော်ကို သတ်ဖြတ်လိုက်သည့် အချိန်ထိ ၎င်းပတ်သက်မှုက မရပ်တန့်သေးချေ။

မိသားစု၏ မျိုးဆက်သစ် ဦးဂျော်နသန်ကျော်သောင်းသည် ကျော်သောင်းမိသားစု၏ ရှေ့ထွက်မင်းသားပင် ဖြစ်သည်။ မိသားစုလုပ်ငန်းဆက်ခံသူ မျိုးဆက်သစ် အသက် ၃၉ နှစ်ရှိပြီဖြစ်သူ ဦးဂျော်နသန်ကျော်သောင်းသည် တပ်မတော်ထံမှ လုပ်ငန်းများ ကန်ထရိုက်ယူနိုင်ရန် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုနှင့် အကျွမ်းတဝင်ဖြစ်အောင် ကြိုးစားခဲ့ရသည်။ ဦးဂျော်နသန်ကျော်သောင်းက ၂၀၁၅ ပဲရစ် လေကြောင်းပြပွဲတွင် မြန်မာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (လေ) နှင့် တွေ့ဆုံခဲ့သည်။ ထိုပွဲတွင် အဆိုပါ လေတပ်ဦးစီးချုပ်က ပါကစ္စတန် တိုက်ခိုက်ရေး ဂျက်လေယာဉ်များကို ဝယ်ယူသွားပြီး လက်နက်အင်အား ဖြည့်တင်းခဲ့သည်။ ရုရှားတိုက်ခိုက်ရေး ရဟတ်ယာဉ်များအတွက် အပိုပစ္စည်းများကို ကျော်သောင်းမိသားစု လုပ်ငန်းတစ်ခုမှ တင်သွင်းခဲ့သည့် နောက်ပိုင်း အာဏာသိမ်းဆန့်ကျင်သူ ပြည်သူများကို ၎င်းလေယာဉ်များမှ စက်သေနတ်/အမြောက်များနှင့် ပစ်ခတ်တိုက်ခိုက်ခြင်း ရှိခဲ့ပါသည်။

ပဲခူးကလပ်ကို ပြန်လည်ပြုပြင်မွမ်းမံရန်အတွက်ပင် ကျော်သောင်းမိသားစုသည် ကလပ်ရှိုးပွဲများအတွက် စစ်တပ် စီးပွားရေး လုပ်ငန်းကြီးကို တစ်နှစ်လျှင် အနည်းဆုံး ဒေါ်လာ ငါးသိန်းတစ်သောင်း ပေးချေရမည့် အရောင်းအဝယ်တစ်ခုကို အပေးအယူထားခဲ့ရကြောင်း ကလပ်ရှိုးပွဲများအတွက် သဘောတူညီချက်တွင် တွေ့ရှိ ရသည်။

ကျော်သောင်းမိသားစုအကြောင်းကို နယူးယောက်တိုင်းမ်စ် သတင်းစာက စုံစမ်းဖော်ထုတ်ရန်ကြိုးပမ်းရာတွင် ကုမ္ပဏီဝန်ထမ်းဟောင်းပေါင်းများစွာ၊ စီးပွားဖက်များ၊ စစ်တပ်အတွင်းမှ သတင်းပေးများ၊ မိသားစုဝင်များ စသည့်ပုဂ္ဂိုလ်ပေါင်းများစွာနှင့် လူတွေ့မေးမြန်းခြင်းများ၊ လုပ်ငန်းဆိုင်ရာ စာရွက်စာတမ်းများ၊ စာချုပ်များ၊ တင်ဒါများ၊ အခြား ဘဏ္ဍာရေး အထောက်အထားများ စသည့် စာရွက်စာတမ်း စာမျက်နှာ ထောင်ပေါင်းများစွာကို လေ့လာခဲ့ရာ အများပြည်သူမျက်စိအောက် မရောက်အောင် ဗျူဟာမြောက် ဖုံးကွယ်သိုဝှက်ထားသော စစ်တပ် ဝယ်ယူရေးလုပ်ငန်း မဟာကွန်ရက်ကြီးတစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပါသည်။ အလှူအတန်းဖောင်ဒေးရှင်းတစ်ခုအဖြစ် မျက်နှာပြထားသော ဤမိသားစုက တပ်မတော်နှင့်နီးနီးကပ်ကပ် ပတ်သက်မှုကြောင့် အကျိုးကျေးဇူးရရှိ နေသည့်အပြင် အနောက်တိုင်း အစိုးရများ၏ စစ်ဆေး အရေးယူမှုများကို ရှောင်ရှားနိုင်အောင် စစ်တပ်ကို ကူညီ ထောက်ပံ့ခြင်းလည်း ဆောင်ရွက်နေပါသည်။

ကော့တေးပါတီများ၊ စီးပွားရေး ဆွေးနွေးပွဲများစသည့် လူရှေ့သူရှေ့တွင် ဤမိသားစုက ကောင်းသော အုပ်ချုပ်မှု၊ စီးပွားရေး လုပ်ငန်းများ၏ လူမှုတာဝန်၊ ပွင့်လင်းသော တင်ဒါခေါ်ယူမှု စသည့် နိုင်ငံတကာ စီးပွားရေးလုပ်ငန်း စံနှုန်းများအကြောင်း အသံကောင်းဟစ်ကြသည်။ လူရည်လည်ပြီး စည်းရုံးတတ်သော၊ အနောက်တိုင်းမှ ပညာတတ်လာပြီး အင်္ဂလိပ်စကား ကျွမ်းကျင်သော ကျော်သောင်းမိသားစုဝင်များသည် တပ်မတော်နှင့် တိတ်တဆိတ် လက်ဝါးချင်းရိုက်သော သဘောတူညီချက်များကို အဓိက အားကိုး စီးပွားဖြစ်နေကြပါသည်။ ၎င်းလုပ်နည်းလုပ်ဟန်က အာရှ၏ အဆင်းရဲဆုံးနှင့် ဖိနှိပ်မှု အကြီးဆုံး နိုင်ငံများတွင်အပါအဝင်ဖြစ်သော မြန်မာနိုင်ငံတွင် ခရိုနီဟူသော လူတန်းစားတစ်ရပ် အခန့်သား ပေါ်လာစေခဲ့သည့် စရိုက်တစ်ခုလည်းဖြစ်သည်။

ကျော်သောင်းမိသားစု၏ ရာဇဝင်သည် မြန်မာနိုင်ငံ၏ သမိုင်းနှင့်တပြိုင်နက် ဖြစ်ပျက်ပေါ်ပေါက်လျက်ရှိသည်။ ရမ်းရမ်းကားကားစစ်တပ်နှင့် အကျိုးစီးပွားတစ်ခုတည်းသာ ကြည့်ပြီး အရာရာစတေးတတ်သည့် မိသားစုများက အညွန့်တလူလူနိုင်ငံတစ်ခုကို ချိုးဖဲ့ဖျက်ဆီးခဲ့ကြလေသည်။

စစ်တပ်ထံ ဥရောပထုတ် လေယာဉ်နှင့် ပြင်သစ်ထုတ် ကမ်းရိုးတန်းစောင့်ကြည့်ရေးစနစ်တစ်ခု ဝယ်ယူ တင်သွင်းခွင့် စာချုပ်များ မြိုးမြိုးမြက်မြက်ရရှိအောင် ကျော်သောင်းမိသားစုသည် ၎င်းတို့ မိသားစု၏ အချိတ်အဆက်များကို အသုံးချနိုင်ခဲ့သည်။ ရေတပ်အတွက် အီတလီထုတ် သေနတ်များကို တင်သွင်း ပေးရန်အတွက် ဈေးပြိုင်အဆိုပြုမှုတစ်ခုလည်း လုပ်ထားကြောင်းကို ထိုအကြောင်းပါသော အီးမေးတစ်စောင်နှင့် ဝန်ထမ်းဟောင်းတစ်ဦး၏ အတည်ပြုချက်အရသိရပါသည်။ ကျော်သောင်းမိသားစု၏ ကုမ္ပဏီများနှင့် စစ်တပ်တို့ သော်လည်းကောင်း၊ စစ်တပ်နှင့် ဆက်စပ် စီးပွားရေး လုပ်ငန်းများနှင့်သော်လည်းကောင်း ဆောင်ရွက်သော အရောင်းအဝယ်များ၊ သဘောတူညီချက်များကို ၎င်းတို့နှင့် ဆွေမျိုးမကင်းသူ၊ စွမ်းအင်ဝန်ကြီးအဖြစ်ရော အမျိုးသား ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌအဖြစ်ပါ တာဝန်ယူဖူးသည့် စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးက တရားဝင် ခွင့်ပြုချက်များ ချမှတ်ပေးခဲ့သည်။

ကျော်သောင်းမိသားစုသည် ၎င်းတို့ကြွယ်ဝမှုပမာဏကို ဖုံးဖိကွယ်ဝှက်ရန် ဗြိတိသျှဗာဂျင်ကျွန်းစုများမှသည် စင်္ကာပူအထိ စီရင်မှု ကွဲပြားသော ဒေသအသီးသီးတွင် ကုမ္ပဏီအမျိုးမျိုး မှိုလိုပေါက်အောင် ခွဲတည်ထောင် ထားသည်။ ၎င်းကုမ္ပဏီအချို့ကို အရောင်းအဝယ် တစ်ခုစီအတွက်သာ သီးသန့်တည်ထောင်ဖွင့်လှစ်ပြီး အလုပ် ပြီးသည်နှင့် ပြန်လည်ပိတ်သိမ်းလိုက်ကြသည်။ ကျော်သောင်းမိသားစုဝင်များ၊ တဆင့်ခံပုဂ္ဂိုလ်များ၏ ပါဝင်မှုကို ဖုံးကွယ်ထားနိုင်အောင် အမည်ပေါက်ပိုင်ဆိုင်မှုပုံစံ အမျိုးမျိုးကို အသုံးချခဲ့ကြသည်။

တပ်မတော်၏ အင်အားချဲ့ထွင်မှုကို ဟန့်တားနိုင်ရန် ချမှတ်ထားသည့် အနောက်တိုင်းမှ ပို့ကုန်သွင်းကုန် တားမြစ်ချက်များကို ရှောင်ကွင်းပြီး တပ်မတော်ကိုယ်စား ဝယ်ယူရေးများဆောင်ရွက်ပေးနေကြခြင်းဖြစ်သည်ဟု နိုင်ငံတကာ ပိတ်ဆို့မှုဆိုင်ရာ ကျွမ်းကျင်သူများနှင့် ကုမ္ပဏီ ဝန်ထမ်းဟောင်း ၅ ဦးက ဆိုပါသည်။ ကမ်းရိုးတန်း ရေဒါစနစ်မှာ ထိုကဲ့သို့ တားမြစ်ချက်များကို ဖောက်ဖျက် ဝယ်ယူထားခြင်း ဖြစ်နိုင်ပါသည်။ ကမ္ဘာ့ကုလသမဂ္ဂ စုံစမ်းထောက်လှမ်းသူများက လူမျိုးတုန်း သတ်ဖြတ်မှု အဖြစ် ယူဆကြသော စစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် ရိုဟင်ဂျာ မူဆလင်များ ထွက်ပြေးတိမ်းရှောင်စဉ်က ကမ်းရိုးတန်း ရေဒါနည်းပညာက အသက်ဝင်လည်ပတ်နေပြီဖြစ်သည်။

ဤမိသားစု၏ ကုမ္ပဏီတစ်ခုက စစ်တပ်ကို ဒေါ်လာ လေးသောင်းနှင့်အထက် လှူဒါန်းခဲ့ပြီး ၎င်း ငွေကြေးမှာ အသုံးပြုခဲ့သည့်လုပ်ငန်းမှာ လူမျိုးတုန်းသုတ်သင်ခြင်း ဖြစ်ပွားခဲ့သည့် နေရာတစ်ခုကို ဖုံးဖိရုပ်ဖျက်ခြင်းဟု ကမ္ဘာ့ကုလသမဂ္ဂက ဖော်ထုတ် သိရှိခဲ့ပါသည်။ စစ်တပ်က ရိုဟင်ဂျာများကို နှိပ်ကွပ်ညှဉ်းပန်းခြင်းဆိုင်ရာ ကုလသမဂ္ဂ အစီရင်ခံစာတစ်ခုတွင် ၂၀၁၉ တွင် ထုတ်ပြန်ခဲ့ရာ အဆိုပါထည့်ဝင်ကူညီမှုကို ဖော်ပြထားခြင်း ရှိပါသည်။

ဦးဂျော်နသန်ကျော်သောင်းက လျော်ကန်မှု မရှိကြောင်း လူတွေ့မေးမြန်းမှုများတွင် ငြင်းဆိုသည်။ ၎င်းနှင့် စစ်တပ်အကြားဆက်ဆံရေးသည် မြန်မာနိုင်ငံအတွင်း အခြားသော စီးပွားရေးလုပ်ငန်းများနှင့် နည်းတူ သာမန် ဆက်ဆံရေးသာ ရှိကြောင်း ဆိုသည်။ ၎င်း၏ ဖခင်အပါအဝင် ကျော်သောင်းမိသားစုသည် တပ်မတော်အတွက် စစ်သုံးပစ္စည်းများ ထောက်ပံ့ပေးသွင်းခြင်း မရှိကြောင်း နှင့် အခြားမိသားစုများကသည်သာ စစ်တပ်၏ လက်နက်ကုန်သည်အစစ်များဖြစ်ကြောင်း ပြောဆိုသည်။ မိသားစု စီးပွားရေးကို စတင်တည်ထောင်ခဲ့သော ၎င်း၏ အဖိုးသည် ငါးဖမ်းလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများကိုပင် ပါဏာတိပါတာကံ ကျိုးမည်စိုးရိမ်သောကြောင့် ရှောင်ကြဉ်ခဲ့ကြောင်း မှတ်ချက်ပြုသေးသည်။

အသက် ၃၉နှစ်အရွယ် ဦးဂျော်နသန်ကျော်သောင်းက ၎င်းဖခင် ဦးမိုးကျော်သောင်းနှင့် နီးနီးကပ်ကပ် မနေဖြစ်ကြောင်းနှင့် ၎င်းဖခင် သီးသန့် လုပ်ကိုင်သော စီးပွားရေးလုပ်ငန်းများအကြောင်းကို ၎င်းမသိကြောင်း ငြင်းဆိုသည်။ ၎င်းနှင့် ၎င်းဖခင်တို့ စီးပွားရေး လုပ်ငန်းများမှာ မတူညီသောကြောင့် ၎င်းဖခင် လုပ်ငန်းမှာ ၎င်းတို့ မိသားစု စီးပွားရေး လုပ်ငန်းဖြစ်သည်ဟု သိမ်းကျုံးယူဆရန် မသင့်ကြောင်း ထပ်မံ ပြောဆိုပြန်ပါသည်။ (သို့ရာတွင် ဦးဂျော်နသန်ကျော်သောင်းသည် ၎င်းဖခင်၏ ကုမ္ပဏီတစ်ခုတွင် ဒါရိုက်တာ အဖြစ် ဆောင်ရွက်ခဲ့ပြီး လက်ရှိလည်း ၎င်းဖခင်ပိုင် နောက်ထပ် ကုမ္ပဏီအခွဲတစ်ခုတွင် ဒါရိုက်တာအဖြစ် တာဝန်ယူနေသည်။)

“ကျွန်တော် ကျွန်တော့်နိုင်ငံကို ချစ်တဲ့စိတ်ကြောင့် ပြန်လာတာပါ။ ကျွန်တော် ဝေါစထရိကို သွားအလုပ် မလုပ်ခဲ့ဘူး။ ကျွန်တော့်မိတ်ဆွေတွေ သွားလုပ်ကြသလို လော့စ်အိန်ဂျလိစ်သွားပြီး သီချင်းကုမ္ပဏီမထောင်ဘူး။ ဇာတိမြေကို ပြန်လာတာ။ ကျွန်တော် ဇာတိမြေကို ပြန်လာတာ ငွေမက်လို့မဟုတ်ဘူး။ မိသားစု အစဉ်အလာကို ထိန်းသိမ်းဖို့။” ဟု ဦးဂျော်နသန်ကျော်သောင်းက ဆိုသည်။

ဦးဂျော်နသန်ကျော်သောင်းက ကမ္ဘာကို ပြခဲ့သည့်ပုံရိပ်မှာ မြန်မာ့အခမ်းနားဆုံး မျိုးဆက်ထဲက ဆက်ခံသူ တစ်ဦးအနေနှင့် ပနံတင့်စေသည့် ပုံရိပ်ဖြစ်သည်။ ထိုင်းဘုရင်လည်း ကျောင်းသားအဖြစ် တက်ရောက်ခဲ့သော ဗြိတိသျှ မေးလ်ဖီးတက္ကသိုလ်မှ နှစ်လိုဖွယ် ဘွဲ့ရတစ်ဦးဟူသည့် ပုံရိပ်လည်းဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် The Asian Institute of Management မှ ထုတ်ဝေသော ဆောင်းပါးတစ်ပုဒ်တွင် ဦးဂျော်နသန်ကျော်သောင်းက ၎င်း၏ အဖိုးကို ဘက်ကင်ဂမ်နန်းတော်က အရေးတယူ ဖိတ်ခေါ်ရသည့်အကြောင်း၊ အဖိုးက ၎င်းကို စီးပွားရေးဆိုင်ရာ အဆုံးအမများ ပို့ချခဲ့သည့်အကြောင်း ပြောပြခဲ့သည်။ အဖိုးဦးကျော်သောင်းမဆုံးခင် နောက်ဆုံးတွေ့ခဲ့ရသူမှာ ၎င်းကိုယ်တိုင်ပင်ဖြစ်ကြောင်း မြေးဖြစ်သူ ဦးဂျော်နသန်ကျော်သောင်းက ထိုဆောင်းပါးတွင် ပြောခဲ့ပါသည်။

သို့ရာတွင် ထိုပြောဆိုချက်များမှာ အလိမ်အညာသာဖြစ်သည်။

အဖိုးဦးကျော်သောင်းဆုံးပါးချိန်တွင် ဦးဂျော်နသန်ကျော်သောင်းမှာ လမ်းလျှောက်တတ်ခါစ ကလေးအရွယ်သာ ဖြစ်သောကြောင့် စီးပွားရေး အဆုံးအမ လိုအပ်မည် မဟုတ်ပေ။ ဘက်ကင်ဂမ် နန်းတော်မှ ဖိတ်ခေါ်ခဲ့ခြင်းလည်း အလျဉ်းမရှိခဲ့ဟု ကျော်သောင်း မိသားစုဝင် လေးဦးက The Times သတင်းစာနှင့် ဆွေးနွေးချိန် ဖွင့်ဟခဲ့ပါသည်။ ဦးဂျော်နသန်ကျော်သောင်း၏ ကိုယ်ရေး အထုပ္ပတ္တိတွင်၎င်းက ဘက်ဘဆင် ကောလိပ်မှ စွန့်ဦးတီထွင်မှုနှင့် စီးပွားရေး စီမံခန့်ခွဲမှု ဘာသာရပ်တို့ဖြစ် ကျောင်းပြီးသည်ဟု ဖော်ပြထားသော်ငြား၊ ၎င်းသည် ထိုကျောင်းတွင် ပြီးစီးအောင်မြင်ခြင်း မရှိခဲ့ပါဟု ကိုယ်တိုင်ဝန်ခံထားပါသည်။

“အားလုံးအမှန်သိအောင် ကျွန်တော်ပြောပြမယ်။ ကျွန်တော့်မိသားစုဟာ မြန်မာနိုင်ငံမှာ သမိုင်းအရှည်ဆုံး စီးပွားရေး မိသားစုပဲ။” ဟု ဦးဂျော်နသန်ကျော်သောင်းက ဆိုသည်။ “ကျွန်တော့်အဖိုးဆိုရင်လည်း အင်မတန်‌ အောင်မြင်ခဲ့တာ။ “ကျွန်တော့်အဖေလည်း အင်မတန်အောင်မြင်ခဲ့တယ်။”

“ကျွန်တော်ကိုယ်တိုင်လည်း ထူးချွန်အောင်မြင်သူ တစ်ယောက်ပဲ။ ကျွန်တော် ဘယ်တော့မှ ဖြတ်လမ်း မလိုက် ဘူး။” ဟုပြောရင်း ၎င်းက အပြေးအားကစား၊ ဘောလုံးအားကစားနှင့် စီးပွားရေးတွင် ထူးချွန်အောင်မြင်သူ ဖြစ်ကြောင်း ဆက်ပြောသည်။

ဦးဂျော်နသန်ကျော်သောင်းသည် မြန်မာစစ်ဗိုလ်ချုပ်များ နိုင်ငံတံခါးပိတ် ဝါဒကျင့်သုံးလိုက်ချိန်တွင် နိုင်ငံအပြင်ကို ဆန္ဒအလျောက် ထွက်ပြေးတိမ်းရှောင်ကြသော၊ အဆက်အသွယ်ကောင်းများရှိပြီး ချမ်းချမ်းသာသာ နေနိုင် ကြသော အုပ်စုတွင် အပါအဝင်ဖြစ်သည်။ ဤမိသားစု၏ ကနဦး ကြွယ်ဝမှုက ဂုန်လျှော်လုပ်ငန်းကို အခြေပြု ထားသည်။ ဂုန်လျှော်ဆိုသည်မှာ ကြိုး၊ လျှော်ကြိုးများလုပ်ရန် သုံးသော သဘာဝချည်မျှင်တမျိုးဖြစ်သည်။ စစ်တပ်က ပထမဆုံး ၁၉၆၂တွင် အာဏာသိမ်းပြီး ဆိုရှယ်လစ်စနစ်ကို အဓမ္မပြောင်းသော ကမောက်ကမ ဖြစ်စဉ်တွင် ၎င်းတို့ ဂုန်လျှော်စက်က ပြည်သူပိုင် အသိမ်းခံခဲ့ရသည်။

တချိန်က တက္ကသိုလ်ကျောင်းကောင်းများနှင့် ဘာသာစကားယဉ်ကျေးမှု စုံလင်သော တိုးတက်သည့် မြို့ပြ နေထိုင်မှုစနစ်ရှိသည့် လေးစားအားကျဖွယ် ဗမာပြည်က တဖြည်းဖြည်း ကုန်းကောက်စရာမရှိအောင် ဆင်းရဲမွဲတေသည့်အခြေဆိုက်ခဲ့သည်။ အုပ်ချုပ်နေသည့် အာဏာသိမ်း စစ်အုပ်စုကနိုင်ငံအမည်ကို မြန်မာဟု ပြောင်းလဲမှည့်ခေါ်သည်။

ဦးဂျော်နသန်ကျော်သောင်း၏ ဖခင်ဖြစ်သူကို မြောက်အိုင်ယာလန်သို့ စေလွှတ်ခိုလှုံခိုင်းသောကြောင့် ပြည်သူပိုင် သိမ်းခံရခြင်းမှ လွတ်မြောက်သွားသည်။ ၎င်း၏မောင်နှမများက ထိုင်း၊ စင်္ကာပူ၊ အမေရိကနှင့် ဗြိတိန်နိုင်ငံတို့သို့ အကွဲကွဲအပြားပြား ရောက်ရှိသွားကြသည်။ တနိုင်ငံလုံးနှင့်အတူ ရန်ကုန်မှ မိသားစုပိုင် စံအိမ်ကြီးသည်လည်း တဖြည်းဖြည်း ယိုယွင်းဆွေးမြည့်သွားလေသည်။

နိုင်ငံရပ်ခြားသို့ တကွဲတပြားရောက်ရှိသွားကြသော်လည်း ကျော်သောင်းမိသားစုက မြန်မာနိုင်ငံနှင့် အဆက် အသွယ်မပြတ်ကြဘဲ စီးပွားရေး လုပ်ရန်အတွက် မကြာခဏ ခရီးသွားလာရောက်ခြင်း ရှိကြသည်။ ထိုသို့ သွားလာ လည်ပတ်မှု အဆင်ပြေစေရန် ကူညီပေးကြသော ဆွေမျိုးများတွင် အဆင့်မြင့် စစ်တပ် အရာရှိများ၊ ဝန်ကြီးများနှင့် အာဏာသိမ်းစစ်ခေါင်းဆောင်များ၏ အနီးကပ် အတိုင်ပင်ခံများပါဝင်သည်။ ဝမ်းကွဲညီအမ တစ်ဦးက ဦးဇေယျာအောင်နှင့် အိမ်ထောင်ပြုလိုက်သည်။ ဦးဇေယျာအောင်က လူရည်လည်ပြီး အင်္ဂလိပ်စကား တတ်ကျွမ်းသော ဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ခြေမြန်တပ်ရင်း ၈၈ကို ဦးဆောင်ခဲ့သူ လည်းဖြစ်သည်။ ထိုဌာန ၂ ခုလုံးသည် ဆယ်စုနှစ်များကြာအောင် မြန်မာပြည်သူများအပေါ် ကျူးလွန်သော စစ်ရာဇဝတ်မှုများနှင့် ပတ်သက်မှု ရှိသည်ဟု ကမ္ဘာ့ကုလသမဂ္ဂက ဖော်ထုတ်ထားခြင်းလည်း ရှိပါသည်။

မြန်မာ၏ လက်သင့်ရာ စားတော်ခေါ်သည့် အချိတ်အဆက်များမှာ မိသားစု ပတ်သက်ရာ ပတ်သက်ကြောင်း များအပေါ် အခြေခံသည်။ စစ်ဗိုလ်ချုပ်များ၏ သားသမီးများသည် များသောအားဖြင့် နီးစပ်ရာ အချင်းချင်း ကြားသာ လက်ထပ်ကြသည်။ အခြား အလားတူ စစ်တပ်အနွယ်ဝင်ဖြစ်စေ၊ စီးပွားရေး ခရိုနီကြီးများ၏ သားသမီး များနှင့် ဖြစ်စေသာ လက်ထပ်ကြသည်။

ကျော်သောင်းမိသားစုဝင်များက စစ်တပ်ကန်ထရိုက်များကို လိုက်လံပြိုင်ဆိုင်ရယူနေချိန်သည် ဦးဇေယျာအောင် က မီးရထားဝန်ကြီး၊ စွမ်းအင်ဝန်ကြီးနှင့် အမျိုးသား ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားချိန် ဖြစ်သည်။ ၎င်း၏ လုပ်ပိုင်ခွင့်များကို သုံးပြီး ကျော်သောင်းမိသားစုအတွက် အရောင်းအဝယ်ခွင့်ပြုချက်များစွာကို လက်မှတ်ထိုး ခွင့်ပြုခဲ့ကြောင်း ကော်ပိုရိတ် မှတ်တမ်းများ စာချုပ်များအရ သိရပါသည်။

တပ်မတော်က စီးပွားရေးပိုင်း ဖြေလျှော့လာချိန်တွင် စစ်တပ်ပိုင်ဖြစ်ခဲ့သော ပိုင်ဆိုင်မှုများကို အောက်ဈေးဖြင့် တရဟော ထုတ်ရောင်းရာ ရေပေါ်ဆီလူတန်းစားတစ်ရပ်က အကျိုးအမြတ်ရရှိရေးအတွက် ပြည်တွင်းသို့ အလုံးအရင်း ပြန်လည် ဝင်ရောက်လာခဲ့ကြလေသည်။ ဦးဂျော်နသန်ကျော်သောင်းလည်း နိုင်ငံရပ်ခြားတွင် ကြီးပြင်းကြသော မောင်နှမများလည်းအတူ မြန်မာနိုင်ငံသို့ ပြန်လာခဲ့ကြသည်။

၎င်းဖခင်၏ ခြေရာအတိုင်း ထပ်ကြပ်လိုက်ခြင်းလည်းဖြစ်သည်။ စစ်တပ်အုပ်ချုပ်မှုအောက်မှ မြန်မာပြည်သို့ အစောဆုံး ပြန်လာကြသော စီးပွားရေးသမားများတွင် ၎င်းဖခင်ကလည်း မြောက်အိုင်ယာလန်နှင့် စင်္ကာပူတွင် အနေကြာပြီး ပြန်ရောက်လာသူအဖြစ် ပါဝင်ပါသည်။ ၎င်းက မိသားစုစီးပွားရေးသည် ပို့ကုန်သွင်းကုန် လုပ်ငန်းအပေါ် အခြေတည်ထားသည်ဟု ပြောဆိုသော်လည်း ဦးမိုးကျော်သောင်းက တပ်မတော်နှင့် ၎င်း၏ ဆက်ဆံရေးကို အဆင်ပြေခိုင်မာစေရန် စစ်ဗိုလ်ချုပ်များအတွက် အနောက်တိုင်းနှင့် ဆက်ဆံရေး ပွဲစားအဖြစ် ဆောင်ရွက်ပေးနေကြောင်း စီးပွားဖက် ၇ ဦး၊ စစ်တပ်အတွင်းလူများနှင့် မိသားစုဝင်များက ဖွင့်ဟထားသည်။ အာဏာသိမ်းခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သားသမီးများအတွက် နိုင်ငံရပ်ခြားပညာရေးကို ၎င်းက စီမံပေးခဲ့ရသည်ဟု ကြွားဝါလေ့ရှိကြောင်း အဆိုပါ သတင်းပေးများအနက် ငါးဦးက ဆိုပါသည်။ ၎င်းနှင့် စပ်လျဉ်း၍ မှတ်ချက်ပြုရန်တောင်းဆိုချက်များကို ဦးမိုးကျော်သောင်းက အကြောင်းမပြန်ပါ။

ဤမိသားစုက မီဒီယာပေါ်တွင် မြင်သာမှုမရှိအောင် သိုသိပ်စွာ နေထိုင်သော်လည်း အချို့သတင်းအချက်အလက် များ ပေါ်ထွက်လာပါသည်။ ၂၀၀၂ တွင် တပ်မတော်ပိုင် သတင်းစာတစ်ခုတွင် ဦးဂျော်နသန်ကျော်သောင်းနှင့် ဖခင် မိုးကျော်သောင်းတို့က စစ်တပ်နှင့် ပတ်သက်သည့် စေတီတစ်ဆူ ပြန်လည်တည်ဆောက်ရေးအတွက် အလှူပွဲတစ်ခုတွင် ကျပ်ငွေ သိန်း ၇၀ လှူဒါန်းကြောင်း ဖော်ပြပါရှိသည်။

ကျော်သောင်းမိသားစုသည် တပ်မတော်ကို ငွေကြေးအားဖြင့်လည်းကောင်း၊ အခြား အထောက်အပံ့များအားဖြင့် လည်းကောင်း ကူညီလျက်ရှိပြီး ၂၀၁၇ တွင် တပ်မတော်မှ စစ်သားများက လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ကြောင်း စွဲဆိုချက်များ ပေါ်လာသည်ထိလည်း အကူအညီ မပျက်ခဲ့ပေ။ ရိုဟင်ဂျာများနှင့် အခြား လူနည်းစု တိုင်းရင်းသားများ အပေါ် ကျူးလွန်ခဲ့သည့် သတ်ဖြတ်နှိပ်စက်မှုများသည် တပ်မတော်နှင့် အရပ်သား အစိုးရတို့ အာဏာ မျှယူလာကြသည့် ကာလအစပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရှားရှားပါးပါး သွေးမြေမကျ သော နိုင်ငံရေး အသွင်ပြောင်းမှုဟူသည့် အားရကျေနပ်ဖွယ် ဇာတ်ရုပ်ကို အိုးမဲသုတ်ခြင်းပင်။

ဦးဂျော်နသန်ကျော်သောင်းပိုင် ကုမ္ပဏီ အုပ်စုကြီးဖြစ်သော ကေတီအုပ်စုသည် မူဆလင် လူနည်းစုများ ထွက်ပြေး စွန့်ခွာခဲ့သော မြေများကို ပြန်လည်ပြုပြင်တည်‌ဆောက်ရန် ငွေလှူဒါန်းခဲ့သည်။

“လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအပါအဝင် နိုင်ငံတကာ ဥပဒေချိုးဖောက်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်သူတွေကို တိုက်ရိုက်အထောက်အကူ ကြီးကြီးမားမားပေးတဲ့အတွက် ရာဇဝတ်သင့်မှု ရှိမရှိ ဆန်းစစ်ဖို့ ဒီကုမ္ပဏီ အရာရှိတွေကို စစ်ဆေးသင့်တယ်။” ဟု ၂၀၁၉ ခုနှစ်ထုတ်ပြန်သည့်အစီရင်ခံစာတွင် ပါဝင်ခဲ့သည့် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး အရာရှိ တစ်ဦးဖြစ်သူ ခရစ် စီဒေါ့တီက ပြောပါသည်။

၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် ရိုဟင်ဂျာများအပေါ် အကြမ်းဖက် ကျူးလွန်မှုကြောင့် ဦးမိုးကျော်သောင်း၏ Ky-Tha ကုမ္ပဏီသည် မြန်မာလေတပ် ထိပ်တန်းအရာရှိများနှင့် ပဲရစ်မြို့ အခြေစိုက် လေကြောင်းနှင့် ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်မှု လုပ်ငန်းကြီးဖြစ်သည့် ဆေဖရန် (Safran) တို့အကြား စည်းဝေးတွေ့ဆုံနိုင်အောင် ကူညီပေးခဲ့ကြောင်း ပေါက်ကြားလာသော စာရွက်စာတမ်း တစ်ခုအရ သိရှိရသည်။ ထိုစာရွက်စာတမ်းကို Justice For Myanmar ဟူသည့် စစ်တပ်၏ စီးပွားရေး လုပ်ငန်း များကို လေ့လာစောင့်ကြည့်သည့် အဖွဲ့အစည်းက စုံစမ်း ထုတ်ဖော်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုအစည်းအဝေးက တပ်မတော်၏ ရဟတ်ယာဉ်များကို ပြုပြင်ထိန်းသိမ်းရေး လုပ်ပေးရန်စီစဉ်ခြင်းဖြစ်သည်။ရိုဟင်ဂျာများနှင့် အခြားလူနည်းစုတိုင်းရင်းသားများကို တိုက်ခိုက်သတ်ဖြတ်ရန် သုံးခဲ့သည့် ရုရှားလုပ် MI-17 တိုက်ခိုက်ရေး ရဟတ်ယာဉ်လည်း အပါအဝင်ဖြစ်သည်။

ဆေဖရန် (Safran)က ထိုကိစ္စနှင့်ပတ်သက်ပြီး မှတ်ချက်ပြုရန် ငြင်းဆန်သည်။ ထိုဆွေးနွေးချက်များမှ ပြုပြင်ထိန်းသိမ်းရေး သဘောတူညီချက်တစ်ခု ရခဲ့ခြင်း ရှိမရှိ မသေချာပါ။ ဦးဂျော်နသန်ကျော်သောင်းက ဆေဖရန် (Safran)ကို ကြားပင်မကြားဖူးဟု ဆိုသည်။

မိသားစု ဆွေမျိုးများနှင့် ပတ်သက်မှုများအပြင် ဦးဂျော်နသန်ကျော်သောင်းသည် မြန်မာနိုင်ငံရှိ ဩဇာတိက္ကမ အကြီးဆုံး ခရိုနီများတွင် ပါဝင်ပြီး ကမ္ဘောဇ အုပ်စုတည်ထောင်သူ ဦးအောင်ကိုဝင်းနှင့်လည်း ဆက်ဆံရေး ကောင်းတစ်ရပ်ရှိအောင် ဂရုတစိုက် ဆောင်ရွက်ခဲ့သည်။ ကေဘီဇက်ဟု သိကြသော ကုမ္ပဏီသည် မြန်မာနိုင်ငံရှိ အဓိက စီးပွားရေး လုပ်ငန်းအများစုတွင် ပါဝင်နေပါသည်။ ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ လေကြောင်း ပို့ဆောင်ရေးလုပ်ငန်း၊ ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်ငန်းနှင့် သတ္တုတွင်းလုပ်ငန်းဟူ၍ လုပ်ငန်းများစွာတွင် ကေဘီဇက်ရှိပါသည်။ စစ်အစိုးရနှင့် ပတ်သက်မှုများကြောင့် ဥရောပသမဂ္ဂက ဦးအောင်ကိုဝင်းကို ဦးတည် အရေးယူပိတ်ဆို့ထားမှုများ ရှိပါသည်။

ဦးအောင်ကိုဝင်း၏ ကျောထောက်နောက်ခံကြောင့် ဦးဂျော်နသန်ကျော်သောင်းသည် စစ်တပ်မှ အရေးပါသူ ‘အကောင်ကြီးကြီး’များနှင့် တွေ့ခွင့်ရကြောင်း ဝန်ထမ်းဟောင်း ၄ ဦးက ဆိုပါသည်။ ဦးအောင်ကိုဝင်းက ၎င်း၏ ဩဇာနှင့် ငွေကြေး ပေးအပ်ကူညီမှုကြောင့် ဦးဂျော်နသန်ကျော်သောင်းက ရေနံနှင့် သဘာဝဓါတ်ငွေ့ ကုမ္ပဏီ တစ်ခုထောင်ခြင်း၊ ဆက်သွယ်ရေးလိုင်စင် ရရှိခြင်းနှင့် တပ်မတော်အတွက် လေယာဉ်ဝယ်ယူခြင်းကို လူမသိ အောင် တိတ်တိတ် ဖုံးကွယ်နိုင်ခဲ့ခြင်းတို့ ရှိပါသည်။

များမကြာမီတွင် ဦးဂျော်နသန်ကျော်သောင်းက စစ်ခေါင်းဆောင် ဗိုလ်ချုပ် မင်းအောင်လှိုင်၊ ၎င်း၏ သားသမီး တို့နှင့် ရင်းနှီးအောင် အရောဝင်လျက်ရှိလာတော့သည်ဟု ဝန်ထမ်းဟောင်း၊ ဆွေမျိုးများ၊ စီးပွားဖက်များနှင့် စစ်တပ် အတွင်းလူများစသည့် ပုဂ္ဂိုလ် ၁၁ ဦးက ဆိုပါသည်။ မလေးရှားတွင် ကျင်းပသော ဒေသတွင်း ကာကွယ်ရေး ညီလာခံတစ်ခုသို့ မင်းအောင်လှိုင်နှင့်အတူ ကျောင်သောင်းမိသားစုဝင်များလည်း လိုက်ပါလာခဲ့ သည်ဟု ထိုခရီးစဉ်တွင် ပါသူ နှစ်ဦးက ဆိုပါသည်။

ဦးဂျော်နသန်ကျော်သောင်းကဆိုသည် ဗိုလ်ချုပ်မင်းအောင်လှိုင်မိသားစုနှင့် သူ့ဆက်ဆံရေး အဆင်မပြေ တော့ကြောင်းပြောပါသည်။ စစ်ဦးစီးချုပ်နှင့် ဆက်ဆံရေးလမ်းကြောင်းကို မိမိကိုယ်တိုင် ကြိုးစားတည်ဆောက် ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ ဦးအောင်ကိုဝင်းမှာ ၎င်းကို လမ်းညွှန်ဆုံးမမှုပေးသူတစ်ဦးဖြစ်ကြောင်း၊ စီးပွားရေး အမြော်အမြင် ထက်မြက်ဉာဏ်ကြီးသူဖြစ်ကြောင်း ဆိုသည်။

ဂျိန်းစဘွန်းပရိသတ် ဦးအောင်ကိုဝင်းအတွက် အထူးပုံစံထုတ်ထားသော လန်ဒန်အလည်အပတ် ခရီးစဉ်တစ်ခု စီစဉ်ပေးရန် ဦးဂျော်နသန်ကျော်သောင်းက နိုင်ငံခြား ဝန်ထမ်းတစ်ဦးကို လွန်ခဲ့သည့် ခြောက်နှစ်က ခိုင်းစေ ခဲ့ကြောင်းသိရသည်။ The Times သတင်းစာက လေ့လာတွေ့ရှိခဲ့သော ငွေလက်ခံများ၊ စာပေးစာယူများတွင် အဆိုပါခရီးစဉ် အသေးစိတ်ကို တွေ့မြင်ရသည်။ ခရီးစဉ်တွင် သိမ်းမြစ်ပေါ် ကိုယ်ပိုင် ဇိမ်ခံလှေ ခရီးစဉ်ပါဝင်ပြီး၊ ထိုလှေတွင် အဆိုတော်အဒဲလ်၏ ဂျိန်းစဘွန်းဇာတ်ဝင်တေး စကိုင်းဖောကို အသံကုန်ဖွင့်ထားရမည် ဟုလည်းတွေ့ရသည်။ ထိုသီချင်းက ကေဘီဇက် သူဌေးကြီး၏ အကြိုက်ဆုံး ဘွန်းဇာတ်ဝင်သီချင်းဖြစ်သည်ဟု ဆိုပါသည်။ မြစ်တွင်းခရီးစဉ်တွင် တနေရာ၌ ဦးအောင်ကိုဝင်း၏ ဦးထုပ်မှာ လွင့်ထွက်သွားပြီး စက်လှေမောင်းက ပြန်ဆယ်ယူပေးခဲ့ရသည်ဟု ဆိုပါသည်။ ၎င်းကို ဘေးရန်ကြောက်ရွံ့သောကြောင့် အမည်မဖော်လိုသူ နိုင်ငံခြား ဝန်ထမ်းက ပြန်လည်ပြောပြခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသို့ ပြန်အရောက်တွင် ဦးဂျော်နသန်ကျော်သောင်းက နှစ်ပေခန့်မြင့်သည့် ဖန်ပလ္လင်တုံး တစ်တုံးကို သိမ်းမြစ်ပေါ်မှ ဦးအောင်ကိုဝင်းပုံဖြင့် တန်ဆာဆင်လျက် ဒီဇိုင်းအပ်ခဲ့သည်။ ဖန်ပန်းပု၏ ထိပ်ပိုင်းတွင် ဦးအောင်ကိုဝင်း၏ အနားဝိုင်း ဦးထုပ်ကို တင်ထားသည်။

ဥရောပ ရဟတ်ယာဉ်ဝယ်ယူစဉ်က မြန်မာ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ လုပ်ငန်းတွင် အသုံးပြုရန်ဟု စာရွက်ပေါ် တွင်တော့ အမည်တပ်ထားသည်။

သို့ရာတွင် ဒေါ်လာ ၂.၁၆ သန်းတန် ထိုရဟတ်ယာဉ်မှာ စီးပွားရေး လုပ်ငန်းသုံးမဟုတ်ကြောင်း ကျော်သောင်း မိသားစုပိုင် ကုမ္ပဏီနှင့် စာချုပ်တစ်ခုတွင် ဖော်ပြထားပါသည်။ ထိုရဟတ်ယာဉ်က နောက်ဆုံးတွင် တပ်မတော်၏ လက်ထဲသို့ ရောက်သွားတော့သည်။ ၎င်းက စာရွက်စာတမ်းအတုများနောက်ကွယ်မှ အမှန်တကယ် လက်ခံရယူ သူဖြစ်သည်

မြန်မာ့ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ထိုရဟတ်ယာဉ်ကို “ခရီးသွားလုပ်ငန်း၊ ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း” တို့တွင် အသုံးပြုမည်ဟု ဖော်ပြထားသည့် ရုံးစာတစ်စောင်ကို ဘရာဇီး အာဏာပိုင် များထံ ပေးပို့ခဲ့သည်။ ထိုရုံးစာကို ကေတီအုပ်စုက လက်ရေးဖြင့် မှတ်စုထုတ်ထားသော စာကြမ်းများအပေါ် မူတည်ပြီး ရေးသားထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံခြားဝန်ထမ်း၏ ဖွင့်ဟချက်နှင့် The Times က လေ့လာစုံစမ်းခဲ့သော စာရွက်မိတ္တူများအရ သိရှိရပါသည်။

အတွင်းစည်းမှ သီးသန့် လျှို့ဝှက်စာရွက်စာတမ်းများတွင် ရဟတ်ယာဉ် ရယူလက်ခံသူအဖြစ် တပ်မတော်အရာရှိ တစ်ဦးကို အမည်ထည့်ထားကြောင်း တွေ့ရသည်။ ၎င်းစာရွက်စာတမ်းများကိုလည်း The Times သတင်းစာက စုံစမ်းတွေ့ရှိခဲ့ပြီးဖြစ်သည်။

ကျော်သောင်း မိသားစုပိုင် လေကြောင်း ကုမ္ပဏီတစ်ခုဖြစ်သော MWG က ရဟတ်ယာဉ် လာပို့မည့် ဘရာဇီး လေယာဉ်မောင်းနှင့် လေယာဉ်ဝန်ထမ်း ၆ ဦးအတွက် ပြည်ဝင်ခွင့် တောင်းခံသည့်စာသည် အရပ်ဘက် လေကြောင်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာနသို့ လိပ်မူပေးပို့ခြင်း မဟုတ်ဘဲ ကာကွယ်ရေးဦးစီးချုပ် (လေ) ထံသို့ လိပ်မူပေးပို့ထားသည်။ ထိုရုံးစာကို The Times သတင်းစာက စုံစမ်းတွေ့ရှိပြီးဖြစ်ရာ၊ ထိုစာတွင် MWG ကုမ္ပဏီက ထိုရဟတ်ယာဉ်ကို လေတပ်ထံ လွှဲပြောင်းပေးပို့မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ထိုနိုင်ငံခြားဝန်ထမ်းနှင့် ဘရာဇီး လေယာဉ် ဝန်ထမ်းအဖွဲ့က မြန်မာနိုင်ငံသို့ ရောက်သည့်အခါ ရဟတ်ယာဉ် ဆင်းဆင်းချင်း ကတ္တရာလမ်းပေါ်တွင် အပြာရောင် ယူနီဖောင်းများနှင့် လူအယောက် ၂၀ ခန့်က ရဟတ်ယာဉ်ဆီ ဝိုင်းအုံရောက်ရှိလာပြီး ရဟတ်ယာဉ်ပါ လုပ်ဆောင်ချက်များ တပ်ဆင်ထားသော ပစ္စည်းများကို တအံ့တဩ ပြောဆိုကြည့်ရှုနေကြသည်ဟုဆိုသည်။ အဆိုပါဝန်ထမ်းက ရန်ကုန်သို့ ပြန်ရောက်သည့်အခါ ဦးဂျော်နသန် ကျော်သောင်းကို မိမိကို ဤသို့ လှည့်စားမှုနှင့် ပတ်သက်ပြီး မိမိ အဆင်မပြေကြောင်း စောဒက တက်ခဲ့သည်။

ထိုအရောင်းအဝယ်နှင့် ပတ်သက်ပြီး ဦးဂျော်နသန်ကျော်သောင်းက မှတ်ချက်ပြုရန် ငြင်းဆိုပါသည်။

ဤနှစ်ပိုင်း မတ်လအတွင်း တပ်မတော်နေ့တွင် မြန်မာ့ စစ်လက်နက်များကို ထည့်သွင်းပြသသော စစ်ရေးပြပွဲကို စစ်ဗိုလ်ချုပ် မင်းအောင်လှိုင်တက်ရောက်ခဲ့သည်။ ထို စစ်ရေးပြချီတက်ပွဲတွင် ယူရိုကော့ပတာ တစ်စီးကို ကင်းထောက်နှင့် တိုက်ခိုက်ရေး လေယာဉ်များနှင့် တွဲဖက် ပျံသန်းသရုပ်ပြခဲ့ကြောင်း မြန်မာတရားဝင် သတင်းမီဒီယာများတွင် တင်ပြခဲ့ပါသည်။ ယူရိုကော့ပတာများကို မြန်မာ စစ်တပ်၏ ရေကြောင်း ထောက်လှမ်းရေးတွင် ထည့်သွင်း အသုံးပြုကြသည်။ လေ့လာစောင့်ကြည့်သော အဖွဲ့တစ်ဖွဲ့၏ မှတ်တမ်းအရ ထိုတပ်မတော်နေ့၌ပင် ဆန္ဒပြပြည်သူ ၁၀၀ ကျော်ကို လုံခြုံရေးတပ်ဖွဲ့များက သတ်ဖြတ်ခဲ့ကြကြောင်းသိရသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ မြန်မာနိုင်ငံသို့ စုပြုံဝင်ရောက်ခဲ့စဉ်က ဦးဂျော်နသန်ကျော်သောင်းက ၎င်း၏ မိသားစု စီးပွားရေးသည် ဝင်လာသူများအတွက် အကောင်းဆုံး ပွဲစားများဖြစ်သည့်ပုံဖမ်းထားသည်။ ၎င်းတို့က “မြန်မာနိုင်ငံတွင် အကြီးဆုံး ကုမ္ပဏီအုပ်စုများတွင် ပါဝင်သည်” ဟု ကေတီအုပ်စု၏ ကြော်ငြာစာရွက် စာတမ်းများတွင် ဖော်ပြထားသည်။ ကမ္ဘာ့ စီးပွားရေး ဖိုရမ်မှ အသိအမှတ်ပြုမှုကိုလည်း မိမိတို့ ရရှိထားသည်ဟု ဦးဂျော်နသန်ကျော်သောင်းက ကြွားဝါသည်။

“အဇာဘိုင်ဂျန်၊ အိန္ဒိယ၊ တရုတ်နှင့် စင်္ကာပူတွင် ဂျော်နသန်သည် သုံးနှစ်အတွင်း ကေတီ အုပ်စု၏ ရုံးခွဲများ ဖွင့်လှစ်နိုင်ခဲ့သည်။ ကေတီအုပ်စု၏ လုပ်ငန်းများကို ပို့ကုန်သွင်းကုန်အဓိကလုပ်ငန်းမှသည် လုပ်ငန်းကဏ္ဍစုံ ပါဝင်သော ကုမ္ပဏီအစုအဝေးကြီးဖြစ်လာအောင် ဂျော်နသန်၏ စွန့်ဦးတီထွင်မှုစိတ်ဓါတ်၊ ဇွဲလုံ့လနှင့် အမြော်အမြင်တို့ဖြင့် တည်ဆောက်ခဲ့ပါသည်။” ဟု ဦးဂျော်နသန်ကျော်သောင်း၏ ကုမ္ပဏီအထုပ္ပတ္တိ တစ်ခုတွင် ဖော်ပြထားသည်။

အဖြစ်မှန်က ထိုလောက်တော့ မခမ်းနားလှပါ။

ကျော်သောင်းမိသားစု၏ စီးပွားရေး အင်ပါယာကြီး၏ ပင်မ အသက်သွေးကြောစုဆုံရာ ဗဟိုဌာနမှာ မြန်မာ့ အကြီးဆုံးမြို့ကြီး ရန်ကုန်ရှိ ဓါတ်လှေကားပင်မပါသော ရွက်ကြမ်းရေကြို သုံးထပ်တိုက် ရုံးခန်းငယ်တစ်ခုသာ ဖြစ်ပါသည်။ ကျော်သောင်းမိသားစု၏ စီးပွားရေး အနည်းဆုံး ၁၁ ခုကို ဤလိပ်စာနှင့် မှတ်ပုံတင်ထားသော်လည်း မည်သည့် ခမ်းခမ်းနားနားဆိုင်းဘုတ်မှ မရှိပါ။

အင်တာနက်ပေါ်တွင်လည်း ၎င်းတို့ကို မတွေ့ရသလောက်ဖြစ်သည်။ ကျော်သောင်းမိသားစု အလှူဖောင်ဒေရှင်း အတွက် ဝက်ဆိုက်တစ်ခုရှိသော်လည်း ကေတီအုပ်စု၏ ဝက်ဆိုက်ကို ပိတ်သိမ်းထားသည်။ ဦးမိုးကျော်သောင်း၏ Ky-Tha ကုမ္ပဏီအုပ်စုဝက်ဆိုက်မှာ ‘မကြာမီလာမည်’ဟုသာ စာတမ်းတင်ထားသည်။

ထိုသို့ တိတ်တဆိတ်နေခြင်းမှာ ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ထားခြင်းဖြစ်သည်။ တပ်မတော်နှင့် ၎င်းတို့မိသားစု ဆက်စပ်မှုများကို လူမသိအောင် ဖုံးကွယ်လိုသောကြောင့်ဟု ဝန်ထမ်းဟောင်း ၄ ဦးက ပြောပါသည်။

ဥရောပမှ တင်သွင်းပြီး တပ်မတော်လက်ထဲရောက်သွားသည့် ATR တာဘိုပရော့ လေယာဉ် သုံးစီးနှင့် ဘိချ်ခရပ် သယ်ယူပို့ဆောင်ရေး လေယာဉ်နှစ်စီးတို့ကို ကေတီအုပ်စုက စီစဉ်ပေးခြင်းဖြစ်သည်။ အရောင်းအဝယ်များကို ၎င်းတို့ ကိုယ်ပိုင် ကုမ္ပဏီခွဲများနှင့် ခရိုနီလေကြောင်းလိုင်း ကေဘီဇက်လေကြောင်းတို့အပါအဝင် ပုဂ္ဂလိက ကုမ္ပဏီများအကြား လက်လွှဲသည့် ပုံစံဖြစ်အောင် စီမံထားသည်။ စစ်တပ်ဝယ်ယူရေးဖြစ်ကြောင်း မသိသာအောင် ပုံဖျက်ထားကြောင်း ဝန်ထမ်းဟောင်းများက ပြောပြပါသည်။

တပ်မတော်ကို ပစ်မှတ်ထားသော အနောက်တိုင်းမှ ပို့ကုန်သွင်းကုန် တားမြစ်ချက်များနှင့် မငြိစွန်းအောင် ထိုသို့ ရှုပ်ထွေးပွေလီအောင် လုပ်ထားသော ဖြစ်စဉ်များကို အသုံးပြုပြီး ရှောင်ရှားကြခြင်းဖြစ်သည်။ အဆိုပါ အရေးယူပိတ်ဆို့မှုများတွင် ပြည်သူများကို ဖိနှိပ်ရန် သုံးနိုင်သည့် ပစ္စည်းကိရိယာများကို တင်သွင်းရောင်းချခွင့် တားမြစ်မှု ပါဝင်သည်။ အဆိုပါပစ္စည်းကိရိယာ သတ်မှတ်ချက်တွင် စစ်သားများကို သယ်ယူပို့ဆောင်ရန် ဖြစ်စေ၊ အရေးယူပိတ်ဆို့မှုခံရသော စစ်ဗိုလ်ချုပ်များကို သယ်ယူပို့ဆောင်ရန် ဖြစ်စေ အသုံးပြုနိုင်သော လေယာဉ်များ လည်း ပါဝင်နိုင်ပါသည်။

လေယာဉ်အရောင်းအဝယ်ကို လျှို့ဝှက်လုပ်ခဲ့သည်ဟူသည့်အချက်ကို ဦးဂျော်နသန်ကျော်သောင်းက လုံးဝ ငြင်းဆိုသည်။ အချို့ လေယာဉ်များက ကိုဗစ် -၁၉ ကာကွယ်ဆေးသယ်ယူပို့ဆောင်ရန် သုံးခဲ့ကြောင်းဆိုသည်။

ကျော်သောင်းမိသားစုနှင့် ဩဇာကြီးသော ဆွေမျိုးများ၊ ခရိုနီများပတ်သက်ဆက်နွှယ်ကြပုံကို ဖုံးဖိလျှို့ဝှက် ထားနိုင်ရန် ရှုပ်ထွေးပွေလီသော ကုမ္ပဏီအမည်ခွဲများနှင့် မှတ်ပုံတင်ထားကြပါသည်။ ၂၀၁၄တွင် စွမ်းအင် ကုမ္ပဏီတစ်ခုဖြစ်သည့် ဘက်ရှနက် အင်တာနေရှင်နယ်သည် Sun Apex Holdings ဟူသည့် ဗြိတိသျှ ဗာဂျင်ကျွန်းစုများတွင် မှတ်ပုံတင်ထားသော ကုမ္ပဏီနှင့် မိတ်ဖက်ပူးပေါင်းမှု စာချုပ်ချုပ်ခဲ့သည်။

နိုင်ငံရပ်ခြားတွင် ကုမ္ပဏီ မှတ်ပုံတင်ထားသော်လည်း Sun Apex Holdings သည် ကျော်သောင်းမိသားစုပိုင် ကုမ္ပဏီခွဲတစ်ခုဖြစ်ကြောင်း ၎င်း၏ စီးပွားရေး မှတ်တမ်းများကို Times က ခွဲခြမ်းစိတ်ဖြာမှုများအရ သိရှိရပါသည်။ မှတ်ပုံတင် စာရွက်စာတမ်းများတွင် စာရင်းဝင်သော ပုဂ္ဂိုလ်များတွင် ကျော်သောင်းမိသားစု၏ အကြံပေးနှင့် ကေဘီဇက် တည်ထောင်သူ၏ သမီးတို့လည်း ပါဝင်နေပါသည်။

Sun Apex က ရေနံနှင့်သဘာဝဓါတ်ငွေ့ပိုင်း အတွေ့အကြုံမရှိလှပါ။ သို့ရာတွင် မြန်မာ စွမ်းအင်ဝန်ကြီးဌာနက နိုင်ငံခြားကုမ္ပဏီများနှင့် တွဲဖက်လုပ်ဆောင်ခွင့်ပေးရန် ခွင့်ပြုသည့် ပြည်တွင်းကုမ္ပဏီအနည်းငယ်တွင် ၎င်းလည်း ပါဝင်နေသည်။ ဘက်ရှနက်နှင့် Sun Apex တို့ကို ပူးပေါင်းဆောင်ရွက်ခွင့်တရားဝင်ပေးခဲ့သူမှာ ဦးဇေယျာအောင် ဖြစ်သည်။ ကျော်သောင်း ဝမ်းကွဲညီမ တစ်ဦးကို လက်ထပ်ယူထားသည့် စွမ်းအင်ဝန်ကြီးဖြစ်သည်။ (ဈေးနှုန်း အဆိုပြုလွှာတင်သွင်းချိန်တွင် ဦးဇေယျာအောင်ကဝန်ကြီးနေရာမရောက်သေးပါ။)

သို့ရာတွင် ဦးဂျော်နသန်ကျော်သောင်းက ၎င်း၏ ရာထူးကြီးဆွေမျိုးများက ၎င်းကို မျက်နှာသာပေးခြင်းလုံးဝ မရှိခဲ့ဟု ဆိုပါသည်။

၂၀၁၅ ခုနှစ်တွင် စင်္ကာပူမှ ကျော်သောင်း ကုမ္ပဏီခွဲတစ်ခုသည် တပ်မတော်နှင့် အရောင်းအဝယ်တစ်ခုကို လက်မှတ်ထိုးခဲ့သည်။ ပြင်သစ်အစိုးရက တစ်စိတ်တစ်ပိုင်းပိုင်သော ထားလက်စ်ဟူသည့် လက်နက်ထုတ်လုပ် သည့် ကုမ္ပဏီက ပြုလုပ်သော ထိပ်တန်းအဆင့် ကမ်းရိုးတန်း‌ ရေဒါနည်းပညာစနစ်ကို တပ်မတော်ကိုယ်စား ဝယ်ယူပေးရန်ပင်ဖြစ်သည်။ Coast Watcher 100 ဟုခေါ်သော ကမ်းရိုးတန်း ထောက်လှမ်းစောင့်ကြည့်ရေး စနစ်အရောင်းအဝယ်စာချုပ်ကို Justice For Myanmar အဖွဲ့က စုံစမ်းဖော်ထုတ်ထားသည့် ပေါက်ကြားလာသော စာရွက်စာတမ်းများတွင် တွေ့ရှိနိုင်ပါသည်။

Coast Watcher 100 သည် ရှည်လျားသော ကမ်းရိုးတန်းတစ်လျှောက် ကျွန်းစုပေါင်းများစွာကို လွှမ်းခြုံ စောင့်ကြည့်နိုင်သော စနစ်ဖြစ်ပြီး ခေတ်မီ ရေဒါစနစ်တပ်ဆင်ထားပြီး မီတာငါးဆယ်ကျော် အမြင့်ရှိသည့် မျှော်စင်များကို လိုအပ်သည်။ ထိုစီမံကိန်းကို ညွှန်ကြားကွပ်ကဲရန် ကျော်သောင်းမိသားစုက ဗြိတိသျှ ရေဒါပညာရှင်တစ်ဦးကို ခေါ်သွင်းလာခဲ့သည်။ ၎င်းက ထားလက်စ်အတွက် ထိုစနစ်မျိုးကို အာဖဂန် နစ္စတန်နှင့် အီရတ်တို့တွင် တပ်ဆင်ဖူးသည့် အတွေ့အကြုံရှိသူလည်းဖြစ်ပါသည်။ ပြင်သစ် စစ်သံမှူးဟောင်း တစ်ဦးကို နိုင်ငံတကာစီးပွားရေးကဏ္ဍအတွက် အထွေထွေ မန်နေဂျာအဖြစ်ငှားရမ်းခဲ့ပြီး ၎င်းက ယခု ထားလက်စ်တွင် အလုပ်လုပ်နေပါသည်။

ထိုနှစ်အတွင်း ရိုဟင်ဂျာအရေးအခင်းမှာ ပိုမို ဆိုးရွားပြင်းထန်လာချိန်တွင် Coast Watcher 100 သည် မြန်မာနိုင်ငံ၏ အနောက်ဘက်ကမ်းရိုးတမ်း၌ ကောင်းစွာ လည်ပတ်ဆောင်ရွက်နေနိုင်ပြီဖြစ်ပါသည်။ ထိုနေရာက ရိုဟင်ဂျာများ အစုလိုက် အပြုံလိုက် ထွက်ပြေးစွန့်ခွာမှု အမြင့်ဆုံး နေရာတစ်ခုလည်းဖြစ်သည်။

ရိုဟင်ဂျာရွာများကို တပ်မတော်က မွှေနှောက်ဖျက်ဆီးရှင်းလင်းပစ်ခဲ့ပြီး သာမန်ပြည်သူများကို သတ်ဖြတ်ခြင်း၊ မုဒိန်းကျင့်ခြင်းတို့ ကျူးလွန်ခဲ့ကြသည်။ စစ်တပ်လက်မှ လွတ်မြောက်ရန် ရိုဟင်ဂျာများက ခနော်နီခနော်နဲ့ လှေများပေါ် ပြွတ်သိပ်တက်ရောက်ထွက်ပြေးကြသည်။ သို့ရာတွင် ထိုလှေငယ်များကို စစ်တပ်က တစ်စီးပြီးတစ်စီး မလွတ်တမ်း ဖမ်းဆီးနိုင်ခဲ့သည်။

Justice For Myanmar မှ ထုတ်ပြန်ထားသော ပေါက်ကြားစာရွက်စာတမ်းများအရ ၂၀၁၇ ရိုဟင်ဂျာအရေးအခင်း အလယ်တွင် ကျော်သောင်းမိသားစုက ထားလက်စ် ကိုယ်စားလှယ်များနှင့် ရေတပ် အကြီးတန်းအရာရှိများ တွေ့ဆုံနိုင်ရန် စီစဉ်ပေးခဲ့သည်ဟု တွေ့ရသည်။

The Times သတင်းစာသို့ ထားလက်စ်က ပေးပို့သော ဖော်ပြချက်တွင် “မြန်မာနိုင်ငံအတွက် ကာကွယ်ရေးစနစ် များ ရောင်းချထားခြင်း မရှိ”ဟု ပြောခဲ့ပါသည်။

ဦးဂျော်နသန် ကျော်သောင်းက ထားလက်စ် စနစ်အကြောင်း လုံးဝ မသိရှိပါဟု ငြင်းဆိုသည်။

ရိုဟင်ဂျာများကို ခြေရာခံဖမ်းဆီးခြင်းအတွက် Coast Watcher 100 ကို အသုံးပြုခဲ့ခြင်း ရှိမရှိ မသေချာပါ။ သို့ရာတွင် ထိုစနစ်သည် ဖောင်ငယ်တစ်စီးရှိနေခြင်းကိုပင် ထက်မြက်စွာ ထောက်လှမ်းသိရှိနိုင်သောကြောင့် ဒုက္ခသည်များထွက်ပြေးချိန်တွင် ထိုစနစ်သည် စစ်ရေးအသုံးချမှုရှိနိုင်ကြောင်း ထင်ရှားပါသည်။

သို့သော် Coast Watcher 100 ၏ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်ပေးသူ ရှိနေဆဲပင်ဖြစ်သည်။ ၂၀၂၀-၂၀၂၁ ကာကွယ်ရေးဘတ်ဂျက်ပေါက်ကြားလာသည့် စာရွက်စာတမ်းများတွင် ထိုရေဒါစနစ်ကို ပြုပြင်ထိန်းသိမ်းရေး ဝန်ဆောင်မှုအတွက် ဒေါ်လာ ၁၆၀,၀၀၀ ကျော် ထည့်သွင်းထားကြောင်းတွေ့ရသည်။ ပြီးခဲ့သည့်နှစ်တွင်မူ ထိုခေါင်းစဉ်အတွက်ပင် ဒေါ်လာ ၁၂၀,၀၀၀ သုံးစွဲထားသည်။ နိုင်ငံခြားငွေ အလွှဲအပြောင်း မှတ်တမ်းများတွင် ထိုသို့ မြင်ရခြင်းဖြစ်သည်။ ၎င်းကိုလည်း Justice for Myanmar အဖွဲ့မှ ဖော်ထုတ်ထားခြင်းဖြစ်သည်။

စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနအဖွဲ့မှ လက်နက်နှင့် စစ်ဘက်အသုံးစရိတ်ဆိုင်ရာ အကြီးတန်း သုတေသီနှင့် မြန်မာစစ်တပ်၏ ဝယ်ယူရေးအကြောင်း ကျွမ်းကျင်သူ ဆိုင်မွန်ဝက်ဇမန်က ပြောသည်မှာ အဆိုပါ အသုံးစရိတ်များသည် ဥရောပသမဂ္ဂမှ ချမှတ်ထားသော ဖိနှိပ်မှုတွင် အသုံးပြုနိုင်သည့် ပစ္စည်းများ တင်သွင်းရောင်းချခြင်းကို အရေးယူပိတ်ဆို့မှု သတ်မှတ်ချက်များကို ချိုးဖောက်ခြင်း ရှိနေနိုင်သည်ဟူ၍ ဖြစ်ပါသည်။ ရိုဟင်ဂျာများကို အစုအပြုံလိုက် သတ်ဖြတ်မှုဖြစ်အပြီး အဆိုပါ ကုန်သွယ်ရေးပိတ်ဆို့မှုသည် ၂၀၁၈ တွင် ပိုမိုတင်းကျပ်လာခဲ့သည်။ အရပ်ဘက်နှင့် စစ်ဘက် နှစ်မျိုးသုံးဟု ခေါ်သော ထုတ်ကုန်များကို ဦးတည်ပစ်မှတ်ထား ပိတ်ဆို့မှု ရှိလာသည်။

“ရိုဟင်ဂျာဆိုတာ ကမ်းရိုးတန်းနေ အုပ်စုတွေဖြစ်ပါတယ်။ ကမ်းရိုးတန်းထောက်လှမ်းရေးအတွက် ဘာကိုပဲ အသုံးပြုပြု၊ အဲ့ဒီ ထောက်လှမ်းရေး ပစ္စည်းဟာ ရိုဟင်ဂျာတွေရဲ့ သွားလာလှုပ်ရှားမှုကို ဖော်ထုတ်ဖို့နဲ့ ဖိနှိပ်ကျူးလွန်ဖို့ သုံးမှာပါပဲ။ ဒါကို ဘယ်လိုမှ ငြင်းချက် မထုတ်နိုင်ပါဘူး။” ဟု ဝက်ဇမန်က ပြောသည်။ ၎င်းက ထားလက်စ် ထောက်လှမ်းရေးစနစ်အကြောင်း ပြောခြင်းဖြစ်သည်။

ကျော်သောင်းမိသားစုက တပ်မတော်အစား လေယာဉ်ဝယ်ယူပေးခြင်း ရှိသောကြောင့် ဥရောပတွင် စိုးရိမ်မှု တစ်ခု ပေါ်ပေါက်လိုက်သေးသည်။ သို့ရာတွင် စုံစမ်းစစ်ဆေးမှုက ဘာမျှ အကျိုးမရှိခဲ့ပါ။

၂၀၁၇ ခုနှစ်တွင် ကျော်သောင်းမိသားစုပိုင် လေကြောင်းကုမ္ပဏီက Fokker 70 လေယာဉ်နှစ်စီးကို KLM Royal Dutch Airlines ၏ ကုမ္ပဏီခွဲတစ်ခုဆီမှ ဝယ်ယူခဲ့သည်။

ထိုလေယာဉ်များကို ယခု တပ်မတော် အဆင့်မြင့်အရာရှိများကို သယ်ယူပို့ဆောင်ရေး အတွက် အသုံးပြုနေသည်။ စက်တင်ဘာလတွင် ဒုတိယစစ်ခေါင်းဆောင်က ရုရှားကို သွားရောက်လည်ပတ်ရာတွင် ထိုလေယာဉ်နှစ်စီးမှ တစ်စီးကို သုံးပြီး မော်စကိုသို့ ပျံသန်းသွားရောက်ခဲ့သည်။

အဆိုပါ ဝယ်ယူမှုကြောင့် နယ်သာလန်ပိုင် လေယာဉ်များ မြန်မာစစ်တပ်လက်ထဲသို့ မည်သို့ ရောက်သွားကြောင်း နယ်သာလန် ပါလီမန်တွင် မေးခွန်းထုတ်ခြင်း ရှိလာခဲ့သည်။ နယ်သာလန် ပါလီမန်က စုံစမ်းစစ်ဆေးမှုအရ ထိုလေယာဉ်ကို စင်္ကာပူ ကုမ္ပဏီတစ်ခုက စီးပွားရေးလုပ်ငန်းသုံးအတွက် ဝယ်ယူထားကြောင်းတွေ့ရသည်။ ထိုကုမ္ပဏီက MWG ကုမ္ပဏီဖြစ်သည်။ ကျော်သောင်းမိသားစု၏ လေကြောင်း ကုမ္ပဏီခွဲဖြစ်သည်။ သို့ရာတွင် ၎င်းက စင်္ကာပူတွင် ထိုအချိန်က မှတ်ပုံတင်ထားခြင်း မရှိသေးပါ။

“အရပ်ဘက်သုံး လေယာဉ်တွေကို အရပ်ဘက် ကုမ္ပဏီ အချင်းချင်း ရောင်းဝယ်ကြတာပါပဲ။ ဒါပေမယ့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဒီလို စစ်တပ်က ယူသုံးလိုက်တာ။” ဟု မာတင်ဘရိုအက်က ဆိုပါသည်။ ၎င်းက တပ်မတော်ထံရောက်သွားသည့် အခြား ဖော်ကာလေယာဉ်များကို ခြေရာခံ ဖော်ထုတ်ခဲ့သည်ဖြစ်သည်။

အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပျက်စီးခြင်း ဘေးရန်ဖြစ်ခြင်း မတိုင်မီကပင် ကျော်သောင်းမိသားစုသည် စစ်တပ်နှင့် ပတ်သက်ပြီး ထမင်းလုံးတစ္ဆေခြောက်ခံနေရပေသည်။

ပြီးခဲ့သည့် နှစ်ပိုင်းတွင် လူ့အခွင့်အရေး အုပ်စုတစ်စုက ဗြိတိသျှ ဆိပ်ကမ်းလုပ်ငန်းတစ်ခုကို တပ်မတော်နှင့် စီးပွားရေးလုပ်သည့် အနောက်တိုင်း ကုမ္ပဏီတစ်ခုအဖြစ် “နာမည်ဆိုး” စာရင်းသွင်းလိုက်နိုင်သည်။ ၎င်းက ရန်ကုန်ရှိ ကွန်တိန်နာ ဆိပ်ကမ်းတစ်ခုဖြစ်သည့် TMT ဆိပ်ကမ်း (ယခင် ဗိုလ်အောင်ကျော်ဆိပ်) ကို လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ ၎င်းဆိပ်ကမ်းကို ကျော်သောင်းမိသားစုက စစ်တပ်ပိုင် ကုမ္ပဏီအုပ်စုတစ်ခုထံမှ နှစ် ၇၀ စာငှားရမ်းမိထားပြီးဖြစ်နေသည်။

၂၀၂၀ ခုနှစ်တွင် ဗြိတိသျှ ဆိပ်ကမ်းလုပ်ငန်းက TMT ဆိပ်ကမ်းလုပ်ငန်း စာချုပ်ကို အသစ်ထပ်မချုပ်တော့ဟု ငြင်းဆိုလိုက်ပြီဖြစ်သည်။ ကမ္ဘာ့အကြီးဆုံး ရေကြောင်းပို့ဆောင်ရေး ကုမ္ပဏီ Maersk ကလည်း အဆိုပါ ဆိပ်ကမ်းကို အသုံးမပြုဘဲ သပိတ်မှောက်ကြောင်း ကြေညာလိုက်သည်။

ဤမိသားစု၏ အခြားရိုးရိုးသားသားလုပ်ကိုင်သော လုပ်ငန်းများလည်း အဆင်မပြေတော့ပါချေ။ တယ်လီကွန်းလိုင်စင်လျှောက်ထားမှုလည်း မအောင်မြင်။ ရန်ကုန်တွင် မြေနေရာကောင်းတစ်ခုကို စစ်တပ်နှင့် လက်ဝါးချင်းရိုက် ရယူထားနိုင်ခဲ့သော်လည်း ကျော်သောင်းမိသားစုသည် ၎င်းတို့စဉ်းစားထားသော လယ်ဂိုပုံစံ အိမ်ရာနှင့် လက်လီအရောင်းဆိုင် စီမံကိန်းများတည်ဆောက်ရန် ပြည်ပ ရင်းနှီးမြှုပ်နှံသူများကိုမည်သို့မျှ မဆွဲဆောင်နိုင်ခဲ့ပါ။

ပဲခူးကလပ်လည်း ပိတ်လိုက်ရပြီဖြစ်သည်။ ပဲခူးကလပ် ဖွင့်ပွဲကို တက်ရောက်ခဲ့ကြသော အရပ်သား အရာရှိများစွာက ယနေ့ ထောင်သွင်းအကျဉ်းချခံထားရသည်။

ဆိပ်ကမ်းလုပ်ငန်းသဘောတူညီချက်အတွက် ချေးငွေများစွာ ယူထားရသည်ဟု ဦးဂျော်နသန်ကျော်သောင်းက ဆိုသည်။ ငှားရမ်းခ တစ်နှစ် ဒေါ်လာ (၃) သန်း ကို မည်သို့ ပေးရမည်မသိဖြစ်နေကြောင်းဆိုပါသည်။ မြန်မာ့ အကြီးစားရေကြောင်းသယ်ယူပို့ဆောင်‌ရေး လုပ်ငန်းအများစုက လုံးဝပြိုလဲပျောက်ကွယ်သွားပြီဟု ၎င်းက ဆိုသည်။ ကျပ်ငွေလည်း ပြိုလဲခဲ့ပြီ။ ဘဏ်စနစ်လည်း ဒဏ်ရာဒဏ်ချက်များစွာရှိနေသည်။ ကိုဗစ်၏ ထိုးနှက်ချက်ကို ထည့်မတွက်လျှင်ပင် နိုင်ငံက ကျိုးပဲ့ပျက်စီးလျက်ရှိနေပေပြီ။

ဦးဂျော်နသန်ကျော်သောင်းက “နောက် ၁၈ လလောက်အတွင်းမှာ ရပ်တည်နေနိုင်သေးတဲ့သူ တစ်ယောက် ယောက်ရှိရင်တောင် ဘုရားတန်ခိုးပဲဖြစ်မယ်။” ဟု ပြောသည်။

အာဏာသိမ်းချိန်မှစပြီး တပ်မတော်အရာရှိဟောင်းများထံမှ အမည်မဖော်ဘဲ ပို့သည့်စာများတွင် ကျော်သောင်း မိသားစုမှာ မြန်မာစစ်တပ်အတွက် ဝယ်ယူရေး ဆောင်ရွက်ပေးနေသူများဖြစ်သည်ဟု စွပ်စွဲချက်များ ပါရှိလာပါသည်။ လုံခြုံရေးတပ်ဖွဲ့များက လက်နက်မဲ့ ဆန္ဒပြပြည်သူကို လက်သွေးရင်း သေနတ်ပစ် သတ်ဖြတ် လာသည့်အခါ လက်နက်ကိုင်တော်လှန်သူ အဖွဲ့အချို့က စစ်အစိုးရနှင့် ပူးပေါင်းသူများကို ပြန်လည် လုပ်ကြံခြင်း ရှိလာပါသည်။

ဤနှစ်နွေရာသီတွင် ဦးဂျော်နသန်ကျော်သောင်းက မိသားစုကို အပါခေါ်လျက် မြန်မာနိုင်ငံမှ ထွက်ခွာလာခဲ့ပြီ ဖြစ်သည်။

ဦးဂျော်နသန်ကျော်သောင်းက “ခုဘာဆက်ဖြစ်မလဲ မသိတော့ဘူး။ ပြီးခဲ့တဲ့ ၁၀ နှစ် ထဲမှာ ကျွန်တော်တို့ ကြိုးစား ဆောင်ရွက်ခဲ့သမျှ အားလုံး သဲထဲရေသွန်ဖြစ်သွားပြီ။” ဟု ပြောသည်။

[ad_1]